RECOFTC Myanmar
News

ချောက်မြို့နယ်တွင် အစုဖွဲ့ပိုင် သစ်တောလုပ်ငန်းလာရောက်လျှောက်ထားမှု များပြား

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ ဒေသခံတွေကအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းကို လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု မြင့်တက်နေပြီး လျှောက်ထားမှုများပြားလာနေတယ်လို့  ချောက်မြို့ သစ်တောဦးစီးဌာနရုံးထံက သိရပါတယ်။

ချောက်မြို့နယ် သစ်တောဦးစီးဌာနဦးစီးမှူး ဦးဟန်မင်းထွန်း က“ဒီနှစ်အတွင်းမှာ ကျေးရွာပေါင်း ၁၇ ရွာ ဒေသခံ အစုအဖွဲ့ပေါင်း ၂၀က အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို စိတ်ဝင်စားလို့ လာရောက်လျှောက်ထားတာ တွေ့ရတယ်။ အရင်က ဆင်ကကြိုးပြင် ကာကွယ် တောမှာ ဦးဌေးဝင်းပါ (၅)ဦးကပဲ အစုဖွဲ့ပိုင် သစ်တော ၇၅ ဧက ကို ၂၀၀၄ ခုနှစ်က စတင် ဆောင်ရွက်ခဲ့တာ အခုအဲဒီ အဖွဲ့ကလည်း အောင်မြင်မှု ၈၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်” လို့ပြောပါတယ်။

ချောက်မြို့နယ်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ထိန်းသိမ်းစိုက်ပျိုးတာကို အရင်က စာရင်းအရ ၇၅ ဧကသာ ရှိခဲ့ပေမယ့် အခုနှစ်အတွင်း လျှောက်ထားမှု ဧက ၄၀၀၀ ကျော် ရှိနေပြီး လျှောက်ထားသူတွေကိုလည်း လိုအပ်တဲ့ စိစစ် စစ်ဆေးချက်၊ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဆောင်ရွက်ပြီး ဒီနှစ်မိုးတွင်း အချိန်မီစိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သစ်တောဦးစီး ဌာနက ဆိုပါတယ်။

အစုအဖွဲ့ပိုင်သစ်တော လျှောက်ထားသူ ပဲတိုးချောင်းရွာက ဦးဌေးလှိုင်ကတော့ “ကျနော်တို့ ဒေသက တောင်သူလုပ်ကိုင်စားရတဲ့ဒေသဖြစ်တော့ သစ်တောသစ်ပင်မရှိတော့ မိုးလေဝသ မမှန်ဘူး။ ဒီသစ်ပင်တွေရှိမှ မှန်မှာဖြစ်လို့ ကျနော်တို့ အသုံးပြုသူ အဖွဲ့ လူဦးရေ ၁၁၀ကို ၉ ဦးကော်မတီဖွဲ့ပြီး လျှောက်ထားတာပါ၊ ၄၂၉ ဧက လျှောက်ထားပါတယ်။ ရွာမှာလည်း ပျိုးဥယျာဉ် တည်ထားပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အစိုးရစီမံကိန်းအနေနဲ့ အစုအဖွဲ့ပိုင်သစ်တောတွေ ပေါ်ထွန်းလာရေးအတွက် ၂၀၀၁-၀၂ မှ ၂၀၃၀-၃၁ခုနှစ်အထိ ဧကနှစ်သန်းကျော် ရာထားခဲ့ပြီး အခုအချိန်မှာ ရည်မှန်းချက်ရဲ့ လေးပုံတပုံပြီးမြောက်နေပြီး ၂၀၁၉မှ ၂၀၃ဝု ခုနှစ်အတွင်း ကျန်တဲ့ လေးပုံသုံးပုံ ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

သတင်း- ကိုလင်း(ချောက်)