RECOFTC Myanmar
News

ဒီရေတော အခြေပြုခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် လမ်းဖောက်ပေးရန် ကညင်ချောင်းဒေသခံများ တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာရှိ အစုအဖွဲ့ပိုင် သစ်တောဒေသ အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက လမ်းဖောက်ပေးစေလိုကြောင်း အစုအဖွဲ့ပိုင် သစ်တောအသုံး ပြုသူများအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က ပြောကြားသည်။

ဒေသအခြေပြု ခရီးသွားလုပ်ငန်းလုပ်ကိုင်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လည်ပတ်သူအရောက် အပေါက်နည်းခြင်း၊ ဒီရေအတက်အကျကိုချိန်ဆကာ သွားလာရခြင်း၊ ရေကျပါက ရေစီးသန်သော ကညင်ချောင်းတွင် လှေကိုတွန်းကာ သွားလာရသဖြင့် ခရီးကြန့်ကြားမှုများရှိသဖြင့် ယခုကဲ့သို့ လမ်းဖောက်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ကညင်ချောင်းရွာ ဒီရေတောကို အခြားရွာမှ လာခုတ်ပါက ဒေသခံများက လက်မခံခြင်း၊ မီးသွေးမဖုတ်ခြင်းတို့ဖြင့် ဒီရေတောများကို ဒေသခံများက ထိန်းသိမ်းခဲ့ကြပြီး ၁၉၉၇ ခုနှစ်မှစ၍ အစုအဖွဲ့ပိုင်သစ်တောလုပ်ကိုင်ရန် ကြိုးစားခဲ့ကာ ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော လုပ်ကိုင်ဆောင်ရွက်ခွင့်လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က ရှင်းပြသည်။

ကညင်ချောင်းရွာတွင် အစုအဖွဲ့ပိုင် ဒီရေတော ဧက ၅၀၀ ရှိပြီး စက်လှေဖြင့် ဒီရေတောများကိုလေ့လာကြောင်း၊ ကညင် ချောင်းကျောက်ကြီးကမ်းခြေသို့ သွားရောက်ကာ ဒေသအခြေပြု ခရီးသွားလုပ်ငန်း ကို လုပ်ကိုင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

သစ်တောများတွင် မီးသွေးဖုတ်မှုများသော တနင်္သာရီတိုင်းတွင် တောကို မီးသွေးမဖုတ်ဘဲ နှစ်ကြာရှည်စွာ ထိန်းသိမ်းလာသော ရွာသားများကို အစိုးရက ဆုလာဘ်ချသောအနေနှင့် ၆မိုင်ခန့်အရှည်ရှိသော လမ်းဖောက်ပေးစေလိုကြောင်း ဒေသခံလည်းဖြစ်သူ ဦးဝင်းဇော်ကပြောသည်။

“အစိုးရက သူတို့ကို သူတို့ဘာသာ ထိန်းတာပဲဆိုပြီး လှည့်မကြည့်ဘဲ လျစ်လျူရှုထားတာမျိုး မဖြစ်စေချင်ဘူး၊ လမ်းပဲဖြစ်ဖြစ်၊ ပင်လယ်ကမ်းခြေလမ်းဖြစ်ဖြစ် လုပ်ပေးစေချင်တယ်”ဟု၎င်းက ဆိုသည်။

သစ်တောဌာနအနေနှင့် အစိုးရက လမ်းဖောက်ပေးမည်ဆိုပါက ကူညီချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဒေသအခြေပြု ခရီးသွားလုပ်ငန်းတွင် လိုအပ်သောလမ်းညွှန်ဆိုင်းဘုတ်များကို တပ်ဆင်ခြင်း၊ နားနေဆောင်များ ဆောက်လုပ်ခြင်းတို့ကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် တောအုပ်ကြီး ဦးလှိုင်လှိုင်ဝင်းက ပြောကြားသည်။

ကညင်ချောင်းရွာသို့ သွားမည်ဆိုပါက ထားဝယ်မြို့မှ ၅၁ မိုင်ဝေးသော ဆိတ်ချောင်းရွာသို့ ကားဖြင့် ၂ နာရီကြာသွားရမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ၄ မိုင်ခန့်ဝေးသော ကညင်ချောင်းရွာသို့ ထပ်မံသွားရမည်ဖြစ်သည်။

ကြည်ကြည်လွင်