RECOFTC
V4MF

မဲခေါင်မြစ်ဝှမ်းဒေသတွင်ပါဝင်သည့် နိုင်ငံငါးနိုင်ငံတွင် သစ်တောစီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသတွင်းစီမံကိန်းတစ်ခု မိတ်ဆက်

မဲခေါင်မြစ်ဝှမ်းဒေသတွင်ပါဝင်သည့် နိုင်ငံငါးနိုင်ငံတွင် သစ်တောစီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်လာစေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် RECOFTC နှင့် မိတ်ဖက်အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသတွင်းစီမံကိန်းတစ်ခု မိတ်ဆက်
RECOFTC News

နေပြည်တော်၊ မြန်မာ


ငါးနှစ်တာအကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသတွင်းစီမံကိန်းဖြစ်သည့် မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံ (Voices for Mekong Forests) စီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကို RECOFTC မြန်မာနိုင်ငံအစီအစဉ်၊ မြန်မာ့ပတ်ဝန်းကျင်ထူထောင်ထိန်းသိမ်းရေးကွန်ရက် - MERN နှင့် WWF မြန်မာတို့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
 
အဆိုပါစီမံကိန်းသည် ဒေါနတောင်တန်း၊ တနင်္သာရီ နယ်စပ် - တနင်္သာရီ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်လျှောက်တွင် သစ်တောစီမံအုပ်ချုပ်မှု ပိုမိုတိုးတက်ကောင်းမွန်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအား အဓိကထား၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော REDD+ လုပ်ငန်းစဉ်များ၊ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (Forest Law Enforcement, Governance and Trade – FLEGT) လုပ်ငန်းစဉ်များ၊  မြေယာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ၊ သဘာဝသစ်တောသယံဇာတများကို စီမံအုပ်ချုပ်သည့် လုပ်ငန်းစဉ်များ၊ စွမ်းဆောင်ရည်တည်ဆောက် ချိတ်ဆက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ နှင့် ချိတ်ဆက်ဆောင်ရွက်ကာ သစ်တောစီမံအုပ်ချုပ်မှုအားကောင်းစေရေးစနစ်ကောင်းတစ်ရပ်ကို ငါးနှစ်တာအတွင်းဖော်ထုတ်သွားမည ်ဖြစ်ပါသည်။
 
အဆိုပါစီမံကိန်းကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ စီမံကိန်းဒေသက တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး  စုစုပေါင်း ၅၀ ဦးခန့်ရှိမည်ဖြစ်ပါသည်။
 
“ဥရောပသမဂ္ဂအနေနဲ့ ဒီစီမံကိန်းကို ထောက်ပံ့ပေးရတဲ့အတွက် အလွန်ပဲဂုဏ်ယူမိပါတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနဲ့ သစ်တောစီမံအုပ်ချုပ်မှုတိုးတက်ရေးကိစ္စတွေကို ကျွန်တော်တို့ စိတ်ဝင်စားတယ်၊ ဒါတွေက ဆင်းရဲမွဲတေမှုလျှော့ချခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေတာနဲ့ ချိတ်ဆက်နေလို့ပဲဖြစ်ပါတယ်။ ဒီစီမံကိန်းဟာဆိုရင် သစ်တောစီမံအုပ်ချုပ်မှုကို တိုးတက်ကောင်းမွန်စေပြီး ဆင်းရဲမွဲတေမှုလျှော့ချစေကာ ဒေသတွင်းရှိ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပေးမယ်လို့ ကျွန်တော်တို့မြင်တယ်၊ အဆုံးစွန်ပြောရရင်တော့ ဥရောပသမဂ္ဂနဲ့ မဲခေါင်ဒေသတွင်းကြား အောင်မြင်တဲ့ တရားဝင်သစ်ကုန်သွယ်မှုအတွက် အခြေခံကောင်းတွေ တည်ဆောက်နိုင်လိမ့်မယ်လို့ထင်မြင်ပါတယ်” ဟု စီမံကိန်းမန်နေဂျာဖြစ်သူ Jenni Lundmark က ထိုင်းနိုင်ငံသို့ ဥရောပသမဂ္ဂကိုယ်စားလှယ် အနေဖြင့် သွားရောက်ခဲ့စဉ်က ပြောကြားခဲ့ပါသည်။
 
RECOFTC မြန်မာနိုင်ငံအစီအစဉ်၏ ဌာနေအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်မောင်သန်းက “စီမံကိန်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းမွန်တဲ့သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူပြုနိုင်မယ့်အပြင် သစ်တောပြုန်းတီးမှုတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်သွားနိုင်မယ်” ဟု ပြောကြားပါသည်။
 
မဲခေါင်ဒေသသည် သစ်တောကိုအမှီသဟဲပြုနေသည့် ခန့်မှန်းခြေလူဦးရေ ၈၅သန်း တို့၏ မှီတင်းနေထိုင်ရာ ဖြစ်ပြီး ထိုလူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် ဒေသခံတိုင်းရင်းသားများဖြစ်ကြသည်။  ဒေသအတွင်းရှိ ခန့်မှန်းခြေလူဦးရေ၏ ၃၀%သည် ဆင်းရဲနွမ်းပါးကြသည်။ ၁၉၉၀ နှင့် ၂၀၁၅ အတွင်း ပျမ်းမျှသစ်တော ၄.၉% ဆုံးရှုံးခဲ့ပြီး မဲခေါင်ဒေသရှိ သစ်တောအသိုင်းအဝိုင်းသည် တောတောင်ရေမြေပေါ်တွင်အခြေခံ၍ ရေရှည်ထိန်းသိမ်းလုပ်ကိုင်သွားနိုင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာရင်ဆိုင်ရသည်။
   
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အထူးသဖြင့် အရပ်ဘက်ပြည်သူများသည် သစ်တောစီမံအုပ်ချုပ်မှု ကောင်းမွန်စေရေးဆောင်ရွက်ရာတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ပါသည်။ သို့ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့် မရရှိခဲ့ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရာတွင် စွမ်းဆောင်ရည်အားနည်းခြင်း နှင့် သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်များ ရယူနိုင်စွမ်းမရှိခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်။ ပြီးခဲ့သည့်ကာလများအတွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍတိုးတက်မှုအနည်းငယ်ရှိခဲ့သော်လည်း သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် တန်းတူရည်တူ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် ”မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏ အသံ”  စီမံကိန်းကို အထောက်အကူပြု ပံ့ပိုးကူညီရခြင်းဖြစ်ပါသည်။
 
အဆိုပါ ငါးနှစ်တာစီမံကိန်းကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယားနိုင်ငံတို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။