RECOFTC မြန်မာ
သတင်းများ

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆောင်ရွက်ခွင့်လက်မှတ် ကျေးရွာ (၁၉) ရွာအနက် (၁၈) ရွာရရှိ

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆောင်ရွက်ခွင့်လက်မှတ် ကျေးရွာ (၁၉) ရွာအနက် (၁၈) ရွာရရှိ

၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ကျင်းပပြုလုပ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် နှင့် အရာထမ်းများ၊  မြန်မာနိုင်ငံဆိုင်ရာ တော်ဝင်နော်ဝေးသံရုံး၏ သံအမတ်ကြီး Tonne Tinnes နှင့် ကောင်စစ်ဝန် Harald Mathisen တို့ အပါအဝင် RECOFTC မြန်မာနိုင်ငံအစီအစဉ်မှ ဌာနေအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်မောင်သန်းအဖွဲ့နှင့် ဒေသခံများ စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြပါသည်။

RECOFTC မြန်မာနိုင်ငံအစီအစဉ်ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်သန်းရှင်းပြနေစဉ်

ဂွမြို့နယ်၊ ဧက ၁၄ ၀၀၀ ရှိ ကျေးရွာ ၁၉ ရွာကို ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားကာ အဆိုပါ ကျေးရွာ ၁၉ ရွာအနက် ၁၈ ရွာကို အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်လက်မှတ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကျေးရွာ (၁၈) ရွာ၌ အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူ ၁၆၀၆ ဦးရှိပြီး ဟက်တာ ၄၇၇၀ တွင် အစုအဖွဲ့သစ်တောလုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့ကြခြင်းဖြစ်သည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအရှိန်မြှင့်တင်ခြင်းစီမံကိန်း (Scaling Up Community Forestry – SUComFor) သည် သုံးနှစ်စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာတော်ဝင်နော်ဝေးသံရုံးက နော်ဝေးခရုန်း သန်း ၂၀ ကို ထောက်ပံ့ပေးကာ RECOFTC - လူနှင့် သစ်တောများဗဟိုဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် ပေးအပ်ပွဲအခမ်းအနားအပြီးတွင် သစ်တောဦးစီးဌာန၊ RECOFTC နှင့် သံရုံးအဖွဲ့တို့သည် အစုအဖွဲ့ပိုင်ဒီရေတောများကို သွားရောက်လေ့လာခဲ့ကြပါသည်။
ဤစီမံကိန်း၏ ရည်မှန်းချက်မှာ ရေရှည်တည်တံ့သောသစ်တောစီမံခန့်ခွဲမှုအတွက် အခြေခံအုတ်မြစ်များကို ဖော်ထုတ်ပြီး ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို ထောက်ပံ့ပေးရန်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်တာအကောင်အထည်ဖော်နေသည့် ယခုစီမံကိန်းသည် မြန်မာနိုင်ငံ သစ်တောဦးစီးဌာန၏ နှစ်သုံးဆယ်ပင်မစီမံကိန်း ဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့သစ်တောကို ၂၁၀ ၀၀၀ ဧက (၈၅ ၀၀၀ ဟက်တာ) အထိ နှစ်ဆတိုးမြှင့်ရေးတွင် တစ်ထောင့်တစ်နေရာအဖြစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၉၉ ၀၀၀ ဧက (၄၀ ၀၀၀ ဟက်တာ) တည်ထောင်ရေး၌ အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဤအချက်သည် အားလုံးပါဝင်နိုင်စေပြီး ကောင်းမွန်စွာစီမံအုပ်ချုပ်သည့် သစ်တောများနှင့် ဒေသခံများ၏ မြေပိုင်ဆိုင်ခွင့်များအတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။