RECOFTC မြန်မာ
ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့်ဆောင်ရွက်သည့်နည်းလမ်း

မြန်မာလူမျိုးများသည် မတူညီကွဲပြားသော လူမျိုးများနှင့် ဖွဲ့စည်းထားသောနိုင်ငံဖြစ်ပြီး ရ၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြကာ ၎င်းတို့သည် လူနှင့် တိရစ္ဆာန်များအတွက် အစားအစာ၊ လောင်စာနှင့် နေထိုင်ရန် အကာအကွယ်များကဲ့သို့သော အခြေခံလိုအပ်ချက်များအပေါ် အဓိကမူတည်နေပါသည်။ သစ်တောများသည် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးအတွက် အထောက်အကူရှိပေသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး၏ သစ်တောဖုံးလွမ်းမှုသည် လက်ရှိတွင် ၄၇ ရာခိုင်နှုန်း သို့မဟုတ် ၃၁ ဒသမ ရ၇၃ ဟက်တာရှိသည်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် အထူးသဖြင့် သစ်တောထူထပ်မှုရှိသည့် ရွက်အုပ်ပိတ်တောများတွင် သစ်တောဖုံးလွမ်းမှုမှာ တဖြည်းဖြည်းကျဆင်းလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

အမျိုးသားသစ်တောပင်မစီမံကိန်း၏ အချက်အလက်များအရ ၁၉၉၀ ခုနှစ်တွင် သစ်တောဖုံးလွမ်းမှု ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ တစ်ဖြည်းဖြည်းကျဆင်း ခဲ့သော်လည်း အခြားသစ်တောမြေအမျိုးအစားများ တိုးတက်ခဲ့ပါသည်။ နှစ်ပေါင်း ၂၀ အတွင်း ရွက်ပိတ်တောဧရိယာ စုစုပေါင်း ၄၅ ဒသမ ၆ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ထက်ဝက်မက ကျဆင်းခဲ့ရာ ရွက်ပွင့်တောများ သိသိသာသာမြင့်တက်လာခြင်းကို တွေ့ရှိရပါသည်။ ထို့ကြောင့် ၁၉၈၉ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ်ကြား မြန်မာနိုင်ငံ၏ စုစုပေါင်းသစ်တောပြုန်းတီးမှုမှာ တစ်နှစ်လျှင် ၁ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားပါသည်။ (၂၀ဝ၉ ခုနှစ်၊ သစ်တောဦးစီးဌါန)

သစ်တောအတန်းအစားကျဆင်းသည့် ဧရိယာများကို သစ်တောပြန်လည်ပြုစုပျိုးထောင်နိုင်ရန် ကျေးလက်ပြည်သူများ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ သစ်တောပြုန်းတီးခြင်းကြောင့် သစ်ပင်ပြန်လည်ဖြစ်ထွန်းရန်ခက်ခဲသောနေရာများတွင် နည်းစနစ်တကျ ပြန်လည်စိုက်ပျိုးဖို့ သစ်တောဦးစီးဌါနက ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းညွှန်ကြားချက်ကို ၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် မျှတမှုကို ပြန်လည်ရရှိစေရန်အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ညွှန်ကြားချက်များက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်တို့ကို ရည်ရွယ်ထားပါသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းညွှန်ကြားချက်တွင် ဒေသခံပြည်သူများကို သစ်ပင်နှင့် သစ်တော မြေယာပိုင်ဆိုင်ခွင့်ကို ကနဦးအနေဖြင့် နှစ်၃၀ ချပေးထားပြီး သက်တမ်းလည်းတိုးနိုင်ပေသည်။ သစ်တောဦးစီးဌါနက နည်းပညာအကူအညီပေးပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ဦးဆောင်မည်ဖြစ်ပါသည်။ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းကောင်းမွန်လာစေရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းသည် အင်မတန်အရေးပါလှပါသည်။ တစ်နည်းအားဖြင့် ဆင်းရဲမှုကို လျှော့ချခြင်း၊ သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုကို လျှော့ချခြင်းနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုကို အားကောင်းလာစေခြင်းတို့ကို ဖြစ်စေပါသည်။
သစ်တောဦးစီးဌါနသာမက အခြားသောအဖွဲ့အစည်းများဖြစ်သော မြန်မာ့ပတ်ဝန်းကျင်ထူထောင်ထိန်းသိမ်းရေး ကွန်ယက် (Myanmar Environmental Rehabilitation-conservation Network)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ Care Myanmar၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း/ EcoDev နှင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့က အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။ အများအားဖြင့် ထိုအဖွဲ့အစည်း များသည် သတင်းအချက်အလက်နှင့် ဗဟုသုတများကို မျှဝေကြပြီး စာစောင်များ၊ လက်ကမ်းစာရွက်များ၊ မှတ်တမ်းရုပ်ရှင်များ၊ စာအုပ်များအစရှိသည့် ပြန်ကြားဆက်သွယ်ရေးအထောက်အကူပြုပစ္စည်းများကို ၎င်းတို့အစီအစဉ်ဖြင့် ထုတ်ဝေကြပါသည်။ သို့ရာတွင် အဖွဲ့အစည်းအချင်းချင်းကြား နှင့် သစ်တောဦးစီးဌါနနှင့်ချိတ်ဆက်မှုတို့သည် ကွန်ယက်သဖွယ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် အားနည်းလျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် ဒေသခံတို့၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးအားကောင်းလာစေခြင်းဖြင့် ရေရှည် တည်တံ့သော ရပ်ရွာအခြေပြု သစ်တောစီမံခန့်ခွဲမှုကိုမြှင့်တင်နိုင်ရန် RECOFTC – လူနှင့်သစ်တောများဗဟိုဌါနသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါန နှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူများ၏ ဘဝများတိုးတက်စေရန်နှင့် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲနိုင်ရန် ဤမိတ်ဖက်နှစ်ဦးစလုံးက အောင်အောင်မြင်မြင်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြပါသည်။

ဤငါးနှစ်တာသဘောတူညီချက်အရ RECOFTC – လူနှင့်သစ်တောများဗဟိုဌါနသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါနရှိ ဌါနများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းနှင့် ဆက်နွယ်သောအဖွဲ့အစည်းများဖြစ်သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့တို့ဖြင့် အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ (Community Forestry National Working Group) ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအဖွဲ့၏ ရည်မှန်းချက်မှာ

  1. ၁၉၉၅ ခုနှစ်က ပြဌါန်းထားသော အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ဆုံးဖြတ်ပိုင်ခွင့်ရှိသူများက ပိုမိုခြုံငုံသုံးသပ်တတ်စေရန်၊
  2. အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းမူဝါဒနှင့် စီမံကိန်းများ၏ သတင်းအချက်များ ဖလှယ်ရန်၊
  3. စွမ်းရည်မြှင့်သင်တန်းပေးခြင်း၊ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းချိတ်ဆက်မှု အစီအစဉ်များကို ပညာပေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းတို့ကို ကူညီပေးရန်၊
  4. ဒသခံများကို အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတည်ထောင်ခြင်းဆိုင်ရာ လက်မှတ် လျင်မြန်စွာရရှိရေးအတွက် အကူအညီပေးရန်